ကရာတေးဒို ပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ပထမဆု ရရှိ

 

Chin World Media
July 15, 2012

၂၀၁၂ ခုနှစ် ဇွန်လအတွင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲ၏ အမျိုးသမီး (၆၅) ကီလိုတန်းတွင် ချင်းပြည်နယ်မှ ပထမဆု ရရှိခဲ့ကြောင်း Chin World Media မှ သိရသည်။

ပြိုင်ပွဲ၏ အမည်မှာ- Region and State Champion Challenge Cup ဖြစ်ပြီး၊ နေပြည်တော်၌ ဇွန်လ (၁၂) မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲ ၏ အမျိုးသမီး (၆၅) ကီလိုတန်းတွင် ချင်းပြည်နယ်ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင် သော မိုင်ဇုန်းလဲန်ကျဲရ် (Mai Zung Len Cer) သည် စစ်ကိုင်းတိုင်းဒေကြီးကိုယ်စားပြုအား (၈) မှတ်အပြတ်ဖြင့် နိုင်ကာ ပထမရွှေတံဆိပ်အား ဆွတ်ခူး ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ရွှေတံဆိပ်ဆုရှင် Mai Zung Len Cer မှ- “ချင်းပြည်နယ်အပြင် တခြားတိုင်းဒေသကြီးတွေ ကလည်း ကိုယ်စားပြုပေးဖို့ တောင်းဆိုမှု ရှိခဲ့ပါတယ်။ ငွေကြေးအရ ချင်းပြည်နယ်ကနေ ယှဉ်ပြိုင်တာဟာ သူများတွေထက်စာရင် အရနည်းပေမယ့် အခုလိုမျိုး ကျမမွေးရပ်မြေကို ကိုယ်စားပြုပြီး ပထမဆုရရှိတဲ့အတွက် အရမ်းပဲ ၀မ်းသာပါတယ်။

ဂုဏ်ယူပါတယ်။ လက်ဦး ဆရာ ဖခင်ကြီး၊ မန္တလေးကရာတေးနည်းပြဆရာ ခင်မောင်တိုးနဲ့ နည်းစနစ်များကို သင်ပြ ကူညီပေးပြီး၊ အစစအရာရာ ကူညီပံ့ပိုးတဲ့ Mai Yinhwa Thawng Luai (မြန်မာ့လက်ရွေးစင်) တို့ကို အထူးပဲ ကျေးဇူးတင်ပါ တယ်” ဟု Chin World Media သို့ပြောသည်။

ချင်းပြည်၊ ဖလမ်းမြို့ ဇာတိ Mai Zung Len Cer သည် အသက် (၁၄) နှစ်အရွယ် (၂၀၀၄) ခုနှစ်တွင် ဖခင်ဖြစ်သူ ကရာတေး ဆရာကြီး Rev. Don Hre Dun ၏ သင်ပြပေးမှုဖြင့် ကရာတေး စတင်ကစားခဲ့သူဖြစ်သည်။ ၂၀၀၅ ခုနှစ် ဇွန်လတွင် ရန်ကုန် အောင်ဆန်းကွင်း၌ ကျင်းပသော ပြည်နယ် နှင့်တိုင်း ကရာတေးပြိုင်ပွဲ၌ ကုမီတေး ခေါ် တဦးချင်းအလွတ်တိုက်ခိုက်ခြင်း တွင် ချင်းပြည်နယ်အား ကိုယ်စားပြုကာ ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး၊ ရန်ကုန် တိုင်းမှ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။

ထို့ပြင် ရန်ကုန် အောင်ဆန်းအားကစားပြိုင်ကွင်း၌ ကျင်းပသော ၂၀၀၅ ခုနှစ် ၏ ၀န်ကြီးဌာနပေါင်းစုံ တံခွန်စိုက်ပြိုင်ပွဲတွင် စည်ပင်သာယာရေးဝန်ကြီးဌာန အား ကိုယ်စားပြုပြီး၊ တဦးချင်းပြိုင်ပွဲတွင် ဒုတိယဆုနှင့် အဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ပဏာမမြန်မာ့လက်ရွေးစင်ကရာတေးအသင်းတွင် (၆) လ လေ့ကျင့်ခဲ့သော်လည်း ပညာရေး နှင့် အခြားအကြောင်းကြောင်း ကြောင့် ရပ်နားခဲ့သူဖြစ်သည်။

အညိုရောင် ခါးပါတ်ရှင် Mai Zung Len Cer သည် လက်ရှိတွင် မန္တလေးမြို့၌ မိသားစုနှင့် အတူ နေထိုင်လျက်ရှိပြီး၊ ခါးစည်းအနက် ရယူရန်အတွက် ဆက်လက်လေ့ကျင့်လျက် ရှိသည်ဟု သိရသည်။

Advertisement